ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးများငွေကြေးထောက်ပံ့ရေးအစီအစဉ် စတင်ဆောင်ရွက်မည်

ပြည်သူ့အစိုးရအသစ်အနေနဲ့ ပြည်သူများလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ချက်ထားရှိပြီး ပြည်သူအားလုံးအခြေခံလူ့အခွင့် အရေးများရရှိဖို့နဲ့ ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဖြစ်စေရေးအတွက် လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းတဲ့ ဥပဒေ၊ နည်းဥပဒေများနှင့် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း မွေးကင်းစမှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို Life Circle Approach နည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားအဆင့်သက်ကြီးရွယ်အိုစောင့်ရှောက်ရေး စီမံကိန်း (၂၀၁၄-၂၀၂၃) ကို လုပ်ငန်းကဏ္ဍ (၁၀) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သက်ကြီးရွယ်အို ထောက်ပံ့မှုများကို အသက် အရွယ်အပိုင်းအခြားအလိုက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြဌာန်းထားရှိပြီးဖြစ်တဲ့ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို လက်တွေ့ဆောင်ရွက် နိုင်မည့်နည်းဥပဒေများ ပေါ်ပေါက်လာစေရေးနှင့် ဥပဒေနှင့်ချိတ်ဆက်သည့်မူဝါဒတစ်ရပ် ပေါ်ပေါက်လာစေရေး၊ ပြည်သူများနှင့် သက်ကြီးရွယ်အို များရဲ့ အသံ/ခံစားချက်များကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရွှေနန်း ထိုက်ဟိုတယ်တွင် ကျင်းပပြုလုပ်သည့်သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေနှင့်ဆက်စပ်၍  အမျိုးသားသက်ကြီးမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိ သူများနှင့်တွေ့ဆုံရာ ပြည်သူ့အစိုးရအနေနှင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဥပဒေနှင့်အညီ ပြည်သူကို အကာအကွယ်ပေးနိုင်တဲ့ အုပ်ချုပ်စီမံမှုစနစ်ပေါ်ပေါက်ရေး၊ တိုင်းရင်းသားအားလုံးစုစည်းပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များ၊ သဘာဝဘေးနှင့်ပတ်သက်ပြီး ခံနိုင်ရည်ရှိတဲ့ နိုင်ငံဖြစ်အောင် ကြိုတင်စီမံမှုလုပ်ငန်းများကို ပြည်သူနှင့်အနီးစပ်ဆုံးနေပြီး ပြည်သူ၏ ယုံကြည်မှုရရှိရေး ပွင့်လင်းမြင်သာစွာဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း  လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင် ပါရှိ သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးများကို ငွေကြေးထောက်ပံ့ရေးအစီအစဉ်  (Maternal and Child Cash Transfer – MCCT) အား ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်များဖြစ်သော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်အုပ်ချုပ်ခွင့်ရဒေသများတွင်  စတင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အာဟာရဖွံ့ဖြိုးရေးအတွက် တစ်လလျှင် တစ်သောင်းခွဲကျပ်နှုန်းဖြင့် တစ်ရက် ထောက်ပံ့ငွေကျပ် (၅၀၀) သည် နောင်အနာဂါတ်တွင် မှန်းဆ၍မရနိုင်သော အကျိုးအမြတ်များရရှိနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပညာပေးမှုအပိုင်းသည် အရေးကြီးပါသဖြင့် လူမှုအဖွဲ့အစည်းများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးစီမံခန့်ခွဲမှုအပိုင်းများတွင် လူမှုအဖွဲ့အစည်းများနှင့် ကွန်ယက်သဖွယ်ပြုလုပ်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ထမ်းများက သဘာဝဘေးအန္တရာယ် ဆိုင်ရာသတင်းအချက်အလက်များ ရယူ ပေးပို့နိုင်သော DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံများကို ရှင်းလင်းပြသပြီး တက်ရောက် လာသူများ၏ လက်ကိုင်ဖုန်းများသို့ ထည့်သွင်းပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခရိုင်လူမှုဝန်ထမ်းရုံး၊ မူလတန်းကြိုကျောင်းဆောက်လုပ်ရန် လျာထားမြေနေရာနှင့် ခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံး အဆောက်အဦး ဆောက်လုပ်ပြီးစီးမှုအား လှည့်လည်ကြည့်ရှုပြီး ချယ်ရီရိပ်ဘိုးဘွား ရိပ်သာနှင့် ပရဟိတမျက်မမြင် ပညာသင်ကျောင်းများသို့ သွားရောက်၍ အဘိုးအဘွားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားကာ အလှူငွေများ လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

Source:  MSWRR

Sign Up

Upcoming Events