လက်တွေ့ကျပြီးအကျိုးဖြစ်ထွန်းသည့် လူငယ်မူဝါဒဖြစ်စေရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှာကြား

နေပြည်တော်၊ ၁၉-၆-၂၀၁၇

မြန်မာနိုင်ငံလူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ကော်မတီကရေးဆွဲခဲ့သော မူဝါဒအကြမ်းပေါ်ပေါက်ရေး လုပ်ငန်း ကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ Hotel Max ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလူငယ်ထုဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းရည်မြှင့်တင်ရေးနှင့် ပါဝင်နိုင်မှုကဏ္ဍ တိုးမြှင့်ရေးအတွက် လူငယ်မူဝါဒအမြန်ဆုံးပေါ်ထွက်ရန် လိုအပ်ပါကြောင်း၊ မူဝါဒရေးဆွဲရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့ရမည်ဖြစ်သော်လည်းလူငယ်များအပါအဝင် အားလုံးဒေသအဖွဲ့ဝင်များ စည်းလုံးညီညွတ် စွာဖြင့် အတူအကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းပြောကြားပါသည်။

ဆက်လက်၍ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ UN Joint Team မှ ဒေါက်တာလှလှအေးက မူကြမ်း ရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပါသည်။အစည်းအဝေးသို့ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ လုပ်ငန်း ကော်မတီဝင်များ၊ လူငယ်ကိုယ်စားလှယ်များ၊ ပြည်တွင်းအကြံပေးပုဂ္ဂိုလ်နှင့် UN Joint Team မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် (၁၈-၆-၂၀၁၇) ရက်နေ့ ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ မူလတန်းကြိုကျောင်းတွင် ဝန်ကြီးဌာနနှင့်နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးထားရှိပြီး ပခုက္ကူခရိုင် အတွင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများဖြစ်သော Help Age Internationl၊ Action Aid၊ Save the Children၊ The Leprosy Mission Myanmar မှ ဝန်ထမ်းများနှင့် တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများတိုက်ရိုက်အကျိုးခံစားရမည့် လုပ်ငန်းစီမံချက် များကိုစဉ်းစားဆောင်ရွက်ရေး၊ လုပ်ငန်းများမထပ်စေရေးနှင့် လစ်ဟာမှုမရှိစေရေး၊ ငွေကြေးသုံးစွဲမှု စီမံခန့်ခွဲရာ တွင်လည်း ပြည်သူအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်ပေးရေး၊ ဆောင်ရွက်သည့်ဒေသရွေးချယ်ရာ တွင်လည်း မိမိတို့ဆောင်ရွက်မည့်လုပ်ငန်းနှင့် ပြည်သူအတွက် အမှန်တကယ်အကျိုးရှိမည့်ဒေသများကို ရွေးချယ် ဆောင်ရွက် သွားရေးမှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events