၂၀၁၇-၂၀၁၈ ခုနှစ်၊ ဆောင်းရာသီကာလတွင် ဖြစ်ပေါ်လာနိုင်သည့် လာနီညာ အခြေအနေသတင်း (၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၂၂) ရက်နေ့ ထုတ်ပြန်ချက်)

(က) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေ မျက်နှာပြင် အပူချိန်သည် သိသိသာသာ လျော့နည်းနေပြီး၊ လက်ရှိဖြစ်ပေါ်နေသော လေထု ဖြစ်စဉ်များမှာလည်း လာနီညာအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ လာနီညာ ဖြစ်ပေါ်မှုခန့်မှန်းသည့် သင်္ချာပုံစံမော်ဒယ်များအရ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ခုနှစ် ဇန်နဝါရီလအထိ လာနီညာဖြစ်ရန် အမြင့်ဆုံး ၇၅% အထိ ရှိလာနိုင်ပြီး၊ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လခန့်တွင် ၆၀% သို့ ပြန်လည်လျော့ကျနိုင်ကြောင်း နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင်အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနများမှ ထုတ်ပြန်ထားပါသည်။
(ခ) လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုး သက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလ အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဆောင်းရာသီ ကာလ အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊၊ အချိန် အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ပါသည်။
(ဂ) လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးပို့သွားမည် ဖြစ်ပါသည်။

Source:DMH

Sign Up

Upcoming Events