ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ ၄/၂၀၁၈ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပမှုသတင်း

၂၀-၄-၂၀၁၈ ၊ နေပြည်တော်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ ၄/၂၀၁၈ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀:၀၀)နာရီက လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာ၀င်းမြတ်အေး၊ ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ်၀န်ကြီးချုပ်ဦးညီပု၊ အတွင်းရေးမှူး နယ်စပ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ တွဲဖက် အတွင်းရေးမှူး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်တို့နှင့်အတူ ကော်မတီအဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ တက်ရောက် ခဲ့ပါသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ ၊လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာ ၀င်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ကော်မတီ၏ ပထမအကြိမ်အစီရင်ခံစာကို ထုတ်ပြန်ပြီး ဖြစ်ကြောင်း၊ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလ ကုန်အထိ သက်ဆိုင်ရာ၀န်ကြီးဌာနများ၏ သတင်းအချက် အလက်များကို စုစည်းပြီး ဒုတိယအကြိမ် အစီရင်ခံစာကို ပြုစုနေပြီဖြစ်သောကြောင့် အချက်အလက်များကို ပုံစံတကျပေးပို့ခြင်းဖြင့် ပိုမိုကောင်းမွန်သော အစီရင်ခံစာဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာသူ များအတွက် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီများဖွဲ့စည်းပြီး ပီပီပြင်ပြင် ဆောင်ရွက်ရန် လုပ်ဆောင်နေပါကြောင်း၊ ပြန်လည်လက်ခံရေးအတွက် မိမိတို့ဘက်မှ အဆင်သင့်ဖြစ်မှု ပြသ နိုင်ရန် အရေးကြီးကြောင်း၊ ခေတ္တနေရန်၊ ပြန်လည်လက်ခံရန် စခန်းများ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း၊ စတင်၀င်ရောက်လာသူများအတွက် အိမ်ရာနေရာချထားမှုများ ၊ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု၊ စိတ်ချမှု၊ ကြောက်စိတ်များမရှိအောင် ဥပဒေနှင့်အညီ ရှင်းရှင်းလင်းလင်း သိရှိအောင် ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း ၊ နေရပ်စွန့်ခွာသူများအနေဖြင့် လွတ်လပ်စွာသွားလာခွင့် ၊ ကြားစခန်းတွင် နေထိုင်ရမည့်ကာလ ၊ ယခင်မူလနေရာ ပြန်လည်ရရှိမှု၊ နိုင်ငံသားလျောက်ထားပိုင်ခွင့် စသည့် စိုးရိမ်ပူပန်မှုများကို မိမိဘင်္ဂလားဒေ့ရှ်သို့ သွားရောက်သည့် ခရီးစဉ်တွင် သိရှိခဲ့ရပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စစ်မှန်တဲ့ ရည်ရွယ်ချက်ဖြင့် ဆောင်ရွက် ထားရှိမှုများကို နေရပ်စွန့်ခွာသူများ သိရှိအောင် ရှင်းလင်းပြောကြားခဲ့ပါကြောင်း ၊ ၎င်းတို့သိရှိ သဘောပေါက်မှသာ ပြန်လည်၀င်ရောက်လာမည်ဖြစ်ပြီး မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်လာမည်ဖြစ်ပါကြောင်း ၊ အဆိုပါလုပ်ငန်းများသည် ကိုဖီအာနန် အကြံပြုချက်များနှင့် လည်း ဆက်စပ်နေပါကြောင်း ၊(National Verification process) ကို ပေါ်ပေါ်လွင်လွင် သိရှိအောင် ဆောင်ရွက်ရန် အတွက် NV Card ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူး (၈)ချက်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် မြန်မာ – အင်္ဂလိပ် ပြုစုပြီး မီဒီယာများမှတဆင့် ဖြန့်ဝေရန် လိုအပ်ပါကြောင်း၊ NV Card ကိုင်ဆောင်ခြင်းဖြင့် နိုင်ငံသားလျောက်ထားခြင်းကို စတင်ဆောင်ရွက်နိုင်ပြီး (၅)လအတွင်း ဥပဒေ နှင့်အညီ နိုင်ငံသား အဆင့်အတန်း ရရှိမှာဖြစ်ပြီး ကျန်းမာရေး ၊ ပညာရေး ၊ လွတ်လပ်စွာ ခရီးသွား လာခွင့်အပါအဝင် အခြေခံ အခွင့်အရေးများ ရရှိမည်ဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည် ဝင်ရောက်လာပါက ယခင်အတိုင်း လုပ်ပိုင်ခွင့်များ ပြန်လည်ခွင့်ပြုရမည်ဖြစ်ပါကြောင်း ၊ အရေးကြီးသည်မှာ NV Cardနှင့်ပတ်သက်၍ လွဲမှားစွာ သိရှိနေခြင်းဖြစ်ပါကြောင်း ၊ အခွင့်အရေးများ ဆက်တိုက်ရရှိမည်ကို သိရှိသူ နည်းပါးနေခြင်းကို ပိုမိုသိရှိအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်မှု အနေဖြင့် ဆောင်ရွက်ရန် (၈၈)ချက်အနက် အချက် (၅၇)ချက်အား ထိထိမိမိ ဆောင်ရွက်ထားပြီး ကျန်(၃၁)ချက်ကိုလည်း ကြိုးစားဆောင်ရွက် ပေးရန်နှင့် အကြံပြုဆွေးနွေးပေးရန် နှိုးဆော်ထားပြီး ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်အတွင်း စတင်ပေါ်ပေါက်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ IDP Campများ အားလုံး ပိတ်သိမ်းရေး စီမံချက်ရေးဆွဲ ဆောင်ရွက်နေပါကြောင်း၊ အလျင်အမြန်ပိတ်သိမ်းရန်ဖြစ်ပြီး ပြီးသင့်ပြီး ထိုက်သည့်အချိန် ပြီးစီးရန်အတွက် ဆက်တိုက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အခက်အခဲများကို ပူးပေါင်း ဆောင်ရွက်မှုဖြင့်ကျော်လွှားပြီး စခန်းများပိတ်သိမ်းပြီးသည်အထိ ဦးစားပေးအလိုက် ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် မြေပုံတောင်ပေါ် IDP Camp ပိတ်သိမ်းရေး လုပ်ငန်းများ ခရီးအတော် ရောက်နေပြီဖြစ်ပါကြောင်း ၊ ဆက်လက်ပြီး ကျောက်တော် နိဒင်စခန်း၊ စစ်တွေ သက္ကယ်ပြင်စခန်း၊ ခေါင်းဒုက္ကာ စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများကို စခန်းကိုယ်စားလှယ်များနှင့် ဆောင်ရွက်ထားရာ အောင်မြင်မှု များရရှိထားပါကြောင်း၊ ကျန်ရှိစခန်းများ ဆက်လက်ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း အဖွင့်အမှာစကား ပြောကြားသွားပါသည်။
ဆက်လက်၍ ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ်၀န်ကြီးချုပ် ဦးညီပုက ဆွေးနွေးရာတွင် အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက်လျင်မြန်အောင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအတွက် အတွေ့အကြုံများကို အခြေခံပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွား ရမည် ဖြစ်ပါကြောင်း၊ အကြံပြုချက်များအကောင်အထည် ဖော်ရေး၊ ပြန်လည်လက်ခံရေး ၊ နေရာချထားရေး လုပ်ငန်း များသည် တွဲဖက်လုပ်ဆောင်ရပြီး လတ်တလောအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီမှ IDP Camp ပိတ်သိမ်းရေး များကို ဆောင်ရွက်နေသည်မှာ ခရီးအတော်ရောက်နေပြီဖြစ်ပါကြောင်း၊ ဒေသတွင်း တည်ငြိမ်ရေးသည်လည်း အရေးကြီးဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြန်လည် လက်ခံရေးနှင့် တည်ငြိမ်ရေးကို ပူးတွဲစဉ်းစား၍ အစီအမံများ ရေးဆွဲလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ မွတ်ဆလင်များထဲတွင် တစ်ဘက်နိုင်ငံသို့ ထွက်သွားသူများရှိသကဲ့သို့ ကျန်ခဲ့သူများ လည်းရှိကြောင်း၊ တစ်ဘက်နိုင်ငံမှ တိုင်းရင်းသားမျိုးနွယ်စုများလည်း ပြန်လည်ဝင်ရောက်လာခဲ့ရာ နေရာ (၇)နေရာ တွင် လူဦးရေ (၃၀၀) ကျော် ရှိသည့်အတွက် ၎င်းတို့ရပ်တည်နိုင်ရေး အသက်မွေး၀မ်းကျောင်း ကိစ္စ ရပ်များ၊ နိုင်ငံသားလျှောက်ထားမှု ကိစ္စရပ်များ အဆင့်ဆင့် လုပ်ဆောင်ပေးရမည်ဖြစ်ပါကြောင်း၊ လတ်တလောတွင် နေထိုင်ရေးကိစ္စများ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဘ၀ရပ်တည်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းမှုလုပ်ငန်း၊ အသေးစားလုပ်ငန်းများ စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးရမည် ဖြစ်ပါကြောင်း၊လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မောင်တောဒေသ တစ်ခုတည်းမဟုတ်ဘဲ ရခိုင်ပြည်နယ် တစ်ခုလုံးကို စဉ်းစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် ခရီးသွားလာရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း ၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်းများ လုပ်ဆောင်နိုင်ပြီး မြောက်ဦးလေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းကို ၀န်ကြီးဌာနမှ တာ၀န်ယူဆောင်ရွက်ခြင်းများဖြင့် ပြည်နယ်ဖွံ့ဖြိုရေး ပိုမို ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမည့်လုပ်ငန်းများ ဆောင်ရွက်ရာ တွင် မီဒီယာသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေပြီး အခြေအနေမှန် များကို အလေးထားပြီး ဖော်ပြသွားရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အတွင်းရေးမှူး၊ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် သန်းထွဋ် က ဆွေးနွေးရာတွင် ၀န်ကြီးဌာနလက်အောက်ရှိ တိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များတွင် ရခိုင်ဒေသမှ တိုင်းရင်းသားများကို ဦးစားပေးရွေးချယ် တက်ရောက်စေပြီး သင်တန်းဆင်းသွားသူများကို နှစ်စဉ် ဇူလိုင်လ တွင် ၀န်ကြီးဌာနများသို့ အဆိုပြုသည့်ဦးရေအတိုင်း တာ၀န်ပေးအပ်လျှက်ရှိပါကြောင်း၊ တည်ဆောက်ပြီးစီး သည့် တိုင်းရင်းသားကျေးရွာ များကိုလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပြီး တိုင်းရင်းသားများကို နေရာချထားပေးလျှက်ရှိပါကြောင်း ၊ မြေပုံ IDP Camp ဖျက်သိမ်းရေး လုပ်ငန်းတွင် ဆောင်ရွက်လျှက်ရှိသည့် နေအိမ် (၅၀) လုံးတည်ဆောက်မှုမှာလည်း (၁၀၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်က မြန်မာ – အိန္ဒိယနှစ်နိုင်ငံ အစိုးရအကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ အရ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ (၅) သန်းဖြင့် (၅)နှစ်အတွက် ဒေါ်လာ (၂၅) သန်း ရရှိမည်ဖြစ်ပါကြောင်း၊ စာချွှန်လွှာအရ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ပတ်၀န်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ကလေးသူငယ်များ ပြုစုစောင့်ရှောက်ခြင်း စသည့် ကဏ္ဍများနှင့် ကိုက်ညီသည့် လုပ်ငန်းများအတွက် သက်ဆိုင်ရာ၀န်ကြီး ဌာနများမှ ဆောင်ရွက်လိုသည့် လုပ်ငန်းများ အတွက် proposal အမြန်တင်ပေးမှသာ လုပ်ငန်းများ မြန်မြန်ဆန်ဆန် အကောင်အထည် ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုတိယ၀န်ကြီးနှင့် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တိုင်းရင်းသားနှင့် မွတ်စလင်များကို တွေ့ဆုံဆွေးနွေးခဲ့ပြီး IDP Camp ပိတ်သိမ်းရေးနှင့်ပတ်သက်၍ သဘောထားများ ဆွေးနွေးညှိနှိုင်း ခဲ့ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ၀န်ကြီးဌာနများမှ တာ၀န်ရှိသူများက မိမိတို့၀န်ကြီးဌာနအလိုက် ရခိုင်ပြည်နယ် အတွင်း ဆောင်ရွက်လျှက်ရှိသည့် အခြေအနေများ ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ ၊ လိုအပ်ချက်များကို အသီးသီးဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌနှင့် တက်ရောက်လာသူများက ဝိုင်း၀န်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ( ၁၃ : ၃၀ ) နာရီချိန်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
 
Source: MSWRR

Sign Up

Upcoming Events