ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကျိုင်းတုံမြို့ ရေပေးဝေရေစခန်းအား ကြည့်ရှုခြင်းနှင့် တာချီလိတ်ခရိုင်အတွင်းရှိ မသန်စွမ်းများထောက်ပံံ့ပွဲသို့ တက်ရောက်မှုသတင်း

စက်တင်ဘာ၂၃၊ တာချီလိတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကျိုင်းတုံမြို့ ရေပေးဝေရေစခန်းအား ကြည့်ရှုခြင်းနှင့် တာချီလိတ်မြို့ရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဓမ္မကုန်းသာတောရကျောင်း၊ ဘန္ဒန္တအရှင်ကောဝိဒ (ဝစီပိတ်ဆရာတော်) အားဖူမျှော်ကြည်ညို၍ သင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် ကျိုင်းတုံ မဟာမြတ်မုနိဘုရားတွင် ပန်း၊ ဆီမီး၊ ရွှေသင်္ကန်းကပ်လှူပူဇော်ပြီး အလှူငွေများလှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ရေပေးဝေရေ စခန်းသို့ရောက်ရှိပြီးစခန်းတာဝန်ခံများက မြို့တွင်းရပ်ကွက်များရှိ ပြည်သူများအတွက် နမ့်အာချောင်းမှ ရေကို ရေစစ်ကန်အဆင့်ဆင့်ဖြင့် ရေသန့်စင်ပြီး ရေရရှိရေးဆောင်ရွက်ရာတွင် တွေ့ကြုံနေရသော အခက်အခဲအများ၊ လက်ရှိတွင် ချောင်းရေတိုက်စားမှုကြောင့် ရေပေးကန်မြေနေရာပြိုကျနိုင်မှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်ရ မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပါသည်။ ကျိုင်းတုံမြို့အတွင်းရှိရပ်ကွက် (၅) ခုကို နေ့စဉ် ရေဂါလံ (၆) သိန်း ခန့် ပေးဝေလျက်ရှိရာယခုအခါ လက်ရှိသုံးစွဲလျက်ရှိသောနမ့်အာချောင်းမှ ရေသည် သုံးစွဲရန်လုံလောက်မှုမရှိသဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ထောက်ပံ့ငွေကျပ်သိန်း (၂၉၅၀) နှင့် ပြည်နယ် ရန်ပုံငွေများပူးပေါင်း၍ လက်ရှိရေပေးဝေစခန်းမှ (၃) မိုင်ခန့်ဝေးကွာသော နမ့်ကွီချောင်းမှရေကို ရေပိုက် သွယ်တန်းပြီး သန့်စင်ကာ ပေးဝေဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ချောင်းရေတိုက်စားနေမှုအခြေအနေနှင့် နမ့်အာချောင်းရေမှ ရေစစ်ကန်အဆင့်ဆင့်ဖြင့် ရေသန့် စင်ပေးဝေမှုများကို ကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်အတွင်းရှိ အဘယရာဇမုနိရုပ်ပွား တော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညိုပြီး အလှူငွေများလှူဒါန်းခဲ့ပါသည်။ ထို့နောက် ကျိုင်းတုံမြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးနှင့် မိုင်းဖြတ်မြို့ မြို့နယ်ဦးစီးမှူးရုံးများသို့သွားရောက်ပြီး ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှုနှင့် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုခဲ့ကြပါသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ ကျင်းပ ပြုလုပ်သော မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ပြီး အစိုးရအနေဖြင့် တိုင်းရင်း သားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောက်ရွက်လျက်ရှိကြောင်း၊ အမျိုးသားရင်ကြားစေ့ ရေးမူကို လည်း တစ်စိုက်မတ်မတ်ကျင့်သုံးလျက်ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကိုဝန်ကြီးဌာနအသီးသီး၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့အသီးသီးနှင့် တိုင်းရင်းသားပြည်သူများ၊ လူမှုအဖွဲ့ အစည်းအသီးသီးတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးပြသနာကို အထူး အလေးထားဆောင်ရွက်ရမည် ဖြစ်ရာမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ထိရောက်ကျယ်ပြန့်စွာ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အကူဖြစ်စေရန် မသန်စွမ်းသူများကိုပံ့ပိုးကူညီခြင်းဖြင့် လူ့အသိုင်းအဝိုင်းအတွင်း ပါဝင်အကျိုးပြု နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး ယနေ့အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ပါသည်။ ယနေ့ထောက်ပံငွေများ ပေးအပ်ရာတွင် တာချီလိတ်ခရိုင်အတွင်းမသန်စွမ်းသူ (၁၃၂) ဦးအတွက် ထောက်ပံ့ငွေကျပ် (၃,၉၆၀,၀၀၀)၊ တာချီလိတ်ခရိုင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (၅) ဖွဲ့အတွက် ထောက်ပံ့ငွေကျပ် (၁၅) သိန်းနှင့် တာချီလိတ်မြို့ BRP 14 နှင့် BRP15 ကြားမယ်ဟောက်ချောင်းကမ်းပါးအလျား (၆၅၀) ပေမြေထိန်းနံရံ တည်ဆောက်ရေး အတွက် ထောက်ပံ့ငွေကျပ်သိန်း (၂၇၇,၈၃၀,၀၀၀) တို့ကို တာဝန်ရှိသူများကလက်ခံရရယူပြီး မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ယနေ့ တာချီလိတ်ခရိုင်အတွင်းစုစုပေါင်း ထောက်ပံ့ငွေ ကျပ် သိန်း (၂၈၃,၂၉၀,၀၀၀) ဖြစ်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူ လူထုထံသို့ ထောက်ပံ့ငွေစုစုပေါင်းမှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွက် (၅၉၄၄.၉) သိန်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွက် (၅၇၆.၆) သိန်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွက် (၄၄၅.၂) သိန်းဖြစ်ပြီး စုစုပေါင်း ထောက်ပံ့ငွေကျပ် သိန်း(၁၂၁၅၆.၇) ဖြစ်ကြောင်းသိရှိရပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မယ်ဟောက်ချောင်းကမ်းပါးမြေထိန်းနံရံတည်ဆောက် မည့်နေရာအား သွားရောက်ကြည့်ရှုခဲ့ပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့ဆုံရာ ရွှေတြိဂံဒေသသို့ သွား ရောက်ကြည့်ရှုလေ့လာခဲ့ကြပါသည်။ ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါခဲ့ကြကြောင်း သတင်း ရရှိ ပါသည်။
#hl1
#shn_Sep2018

Sign Up

Upcoming Events