ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်

၁၄ ဒီဇင်ဘာ၊ ကလေးမြို့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနိုင်သက်လွင်နှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မြို့တော်ခန်းမ၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မိမိတို့အစိုးရက တရားဥပဒေစိုးမိုးရေနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုအစဉ်တစိုက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို အသက်အရွယ် အမျိုးအစားအလိုက် ဆောင်ရွက် ပေးလျက်ရှိရာ ကိုယ်ဝန်ဆောင်မိခင်မှစတင်၍ ရှေးဦးအရွယ်ကလေးသူငယ်များ၊ အမျိုးသမီး ငယ်များ၊ လူငယ်များသက်ကြီးရွယ်အိုများသာမက၊ မသန်စွမ်းများစသည်တို့ကို လူမှုကာကွယ် စောင့်ရှောက်နည်းလမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နည်းမှန် လမ်းမှန်ဖြင့် ပြည်သူများအမှန်တကယ်အကျိုးဖြစ်ထွန်းစေရန်အတွက် မူဝါဒ၊ဥပဒေ၊ နည်းဥပဒေများဖေါ်ဆောင်ပြီးဆောင်ရွက်နေပါကြောင်း၊ နိုင်ငံ့အတွက် အရေးကြီးသော ရှေးဦး အရွယ်ကလေးသူငယ်များ၏ စောင့်ရှောက်ရေးနည်းလမ်းများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် အစိုးရအနေဖြင့် လူမူရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ကလေးအခွင့်အရေးဖြစ်သည့် အစောင့်အရှောက်ခံပိုင်ခွင့်ရရှိစေရန်အတွက် ရင်ခွင့်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့နောက် ကလေးငယ်များ ကိုယ်ခန္ဓာပုံမှန်ကြီးထွားစေရန်နှင့် ဦးနှောက်ဖွံ့ဖြိုး စေရန်အတွက် နည်းလမ်းများကိုလည်း အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းများအတွက်လည်း ဥပဒေ၊ နည်းဥပဒေ၊အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီများ ပေါ်ပေါက်ပြီးမသန်စွမ်းအဆင့်သတ်မှတ်ရေးဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်း များ အတွက် အခွင့်အရေးများကိုလည်း စတင်အကောင်အထည်ဖေါ်ပေးနေပြီဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်အဖြစ် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကိုအဟန့်အတားဖြစ်စေမည့် လူကြောင့်ဖြစ်သောဘေး၊ သဘာဝကြောင့် ဖြစ်သော ဘေးများအတွက်လည်း ထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူး သဖြင့်မူးယစ်ပြန်ထူလုပ်ငန်းများကိုကျယ်ကျယ်ပြန့်ပြန့်စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းယနေ့အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသားပြည်သူများနှင့် လူမှုရေး အသင်းအဖွဲ့များကလည်း လိုအပ်ချက်များကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးကြပြီး အကောင် အထည်ဖေါ်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေလိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသာလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က အစိုးရအနေဖြင့် အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထား ဆောင်ရွက်ပေးနေမှုများ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ တိုင်းရင်းသား ပြည်သူများ အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးနေမှုများ၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ငြိမ်းချမ်းရေးသည်အရေးကြီးသဖြင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးတန်း တူညီမျှခံစားရရှိနိုင်မည့် ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်တည်ဆောက်ရေး၊ ဘုံသဘောတူညီ ချက်ကိုရယူရန် စားပွဲဝိုင်းဆွေးနွေးပွဲတွင် စိတ်ရှည်သည်းခံမှုဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါ ရန်တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အဖွဲ့တို့သည် ကလေးခရိုင်အတွင်းရှိ အသက်(၈၅)နှစ် နှင့် အထက် ဘိုးဘွားများအတွက် ထောက်ပံ့ငွေကျပ် ( နှစ်ရာ ကိုးဆယ့် နှစ်သိန်း နှစ်သောင်း)၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေကျပ် (ငါးရာ့ ခုနှစ်ဆယ့် ခြောက်သိန်း )၊ ကလေး မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့(၅)ဖွဲ့အတွက် ထောက်ပံ့ငွေကျပ် (၁၅)သိန်း၊ မိခင်ဝိုင်း များဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် (သုံးဆယ့် ငါးသိန်း နှစ်သောင်း ရှစ်ထောင့် တစ်ရာ) နှင့် ကလေးမြို့ရှိ ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေ (ခြောက်ဆယ့်ခုနှစ်သိန်း ငါးသောင်း) တို့ကို အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော ဘိုးဘွား များကို သက်ကြီးလူမှုရေးပင်စင်ထောက်ပံ့ငွေများအား လက်ဝယ်အရောက်ပေးအပ်ခြင်းနှင့် ကလေးများအား အာဟာရမုန့်များနှင့် ကစားစရာအရုပ်များကို ဝေငှပေးအပ်ခဲ့ပါသည်။
ယနေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းပေးအပ်ခဲ့သော ထောက်ပံ့ငွေ စုစုပေါင်းမှာ ငွေကျပ် (သိန်းကိုးရာရှစ်ဆယ့်ငါးသိန်းကိုးသောင်းရှစ်ထောင်တစ်ရာ) ဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events