ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီးတွင် မသန်စွမ်းသူများ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်

11 Pic 03
============================================
ဖေဖော်ဝါရီ ၁၁၊ နေပြည်တော်—————-
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ အားလုံးအတွက် ကနဦး ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
 
ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့က မကွေးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ မကွေးမြို့နယ်အတွင်းရှိ မိခင်ဝိုင်း များနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များအား ထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ၊ ပြည်သား များအားလုံး လူမှုကာကွယ်စောင့်ရှောက်ရေးတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရန် ဆောင်ရွက်လျက်ရှိရာ အညွှန်းကိန်းများအရ ဖွံ့ဖြိုးမှုနောက်ကျသောဒေသများကို ဦးစားပေး ဆောင်ရွက်ခြင်းဖြင့် မျှတမှု ရရှိစေပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံသည် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းပင်ဖြစ်သောကြောင့် လူသားတိုင်း၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများရေးဆွဲ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံအစည်းအဝေး ဒုတိယအကြိမ်နှင့် တတိယအကြိမ် သဘောတူညီ ချက်များ၌ လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် သဘောတူညီချက် များစွာပါဝင်ပါကြောင်း၊ ဝန်ကြီးဌာနက လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေး၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော အသိုင်းအဝိုင်း ဖော်ဆောင်ရေး၊ ဘေးဒဏ်များကို ကြံ့ကြံံ့ခံရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်လာစေရေးနှင့် မူလအခြေအနေထက် ပိုမိုကောင်းမွန်သော ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရေး စသည့်မူဝါဒများ ချမှတ်အကောင်အထည် ဖော်လျက်ရှိရာ ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ ယခုအခမ်းအနားတွင်လည်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ပရဟိတဂေဟာ၊ ရှေးဦးအရွယ်ကလေးများအတွက် မိခင်ဝိုင်းများကို ထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် မသန်စွမ်းများအတွက် ဥပဒေ၊ နည်းဥပဒေများရှိပြီးဖြစ်၍ အမျိုးသား ကော်မတီနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး များအလိုက် လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိပြီး လုပ်ငန်းအစီအမံများ ချမှတ်ထားပြီး ဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး(၈)ချက် တွင်လည်း မသန်စွမ်းများအား ထောက်ပံ့မှုပေးရန် ပါဝင်ပါကြောင်း၊ ငွေကြေး ထောက်ပံ့မှု များသာမက စွမ်းနိုင်သမျှစွမ်းအောင် မိမိဘာသာ ရပ်တည်နိုင်ရေး အထောက်အကူပြု ဝန်းကျင် ဖန်တီးပေးခြင်း၊ သက်မွေးဝမ်းကြောင်းပညာများ သင်ကြားပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း များ ဖော်ဆောင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ မသန်စွမ်း(၄)မျိုးထဲမှ အကြားအာရုံ ချို့ယွင်းသောသူများအတွက် လက်သင်္ကေတပြ ဘာသာစကားများဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုအောင်မြင်နေကြသော သာဓကများရှိပါကြောင်း၊ ၎င်းတို့ကိုစွမ်းနိုင်သမျှ စွမ်းအောင် ကူညီထောက်ပံ့မှုများပေးရမည် ဖြစ်သောကြောင့် ယနေ့ မကွေးတိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူများအားလုံးအတွက် ကနဦးငွေကြေးထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း နှင့် မသန်စွမ်းများ၏အခွင့်အရေးများကို ပြည်သူ၊ ပြည်သားများ၊ လူမှုအဖွဲ့အစည်းများက နားလည် သဘောပေါက်ကြပြီး အစိုးရနှင့် ပူးပေါင်းပါဝင်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
 
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ထောက်ပံ့ပေးမှုများအတွက် ကျေးဇူးတင်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ (၁၂,၃၃၀) ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၆၉,၉၀၀,၀၀၀)၊ မကွေးမြို့နယ်အတွင်း မိခင်ဝိုင်းများအတွက် ထောက်ပံ့ငွေကျပ် (၂,၆၇၈,၁၀၀)၊ ဖန်ခါးမြေဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေ (၂,၉၅၅,၀၀၀)၊ ဆားစည့်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေ ကျပ် (၆,၅၃၄,၀၀၀)၊ နတ်မောက်မြို့နယ်တွင် (၁၀၄)နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ ကျင်းပရန် အတွက် အလှူငွေကျပ် (၁,၀၀၀,၀၀၀)၊ မိခင်မေတ္တာကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၊ မကွေးမြို့နယ်အတွင်းရှိ တပ်မ(၈၈)ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှင့် လေတပ်စခန်း ဌာနချုပ် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအတွက် တစ်ကျောင်းလျှင် ထောက်ပံ့ငွေ ကျပ် (၇၀၀,၀၀၀) ၊ မိခင်ဝိုင်း(၅)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် (၂,၆၇၈,၁၀၀)နှင့် အခမ်းအနား သို့ ကိုယ်တိုင်တက်ရောက်လာကြသော မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
 
ထို့နောက် ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့်အာဟာရမုန့်များပေးဝေခဲ့ကြ ပြီးစုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး အတွင်း စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၈၅,၁၆၇,၁၀၀) ဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events