(၇၀)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်မှုသတင်း

9_Pic_01

အောက်တိုဘာ ၉၊ ဂျီနီဗာ

 (၇၀)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ အမှုဆောင်ကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ အဆောက်အဦး Assembly Hall တွင် ၇.၁၀.၂၀၁၉ နေ့၊ နံနက် (၁၀)နာရီတွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Ms. Amina J. Mohammed နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဖြစ်သူ Mr. Filippo Grandi တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

၇.၁၀.၂၀၁၉ နေ့ မှ ၁၁.၁၀.၂၀၁၉ နေ့ အထိ (၅)ရက်ကြာ ကျင်းပမည့် အစည်းအဝေးအတွင် နိုင်ငံမဲ့ခြင်းဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲနှင့် အထွေထွေဆွေးနွေးခြင်းကဏ္ဍတွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက နိုင်ငံအလိုက်တင်ပြခြင်း၊ Nansen ဒုက္ခသည်ဆိုင်ရာဆုချီးမြှင့်ပွဲအခမ်းအနားနှင့် သီးခြား ဆွေးနွေးပွဲ (side event) အစီအစဉ်များ ပါဝင်ပါသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက (၈.၁၀.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ၏ တင်ပြချက်ကို ဖတ်ကြားတင်သွင်းခဲ့ပါသည်။

မြန်မာနိုင်ငံ၏တင်ပြချက်တွင် မြန်မာနိုင်ငံသည်(၁၉၅၄) ခုနှစ် နိုင်ငံမဲ့များ၏အဆင့်အတန်းဆိုင်ရာ ကွန်ဗင်းရှင်းနှင့်(၁၉၆၁)ခုနှစ် နိုင်ငံမဲ့များ လျှော့ချရေးဆိုင်ရာ ကွန်ဗင်းရှင်းများ၏ အဖွဲ့ဝင် နိုင်ငံမဟုတ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုစည်းမျဉ်း များကို အခြေခံ၍ လူ့အခွင့်အရေး အပြည့်အဝရရှိရေး ဆောင်ရွက်ရန် ကတိကဝတ်ပြုထားပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် (The Global Compact on Migration ) ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုစာချုပ်နှင့် UNHCR က နိုင်ငံမဲ့များ လျှော့ချရေးအတွက် ဆောင်ရွက်လျက် ရှိသော (I Belong Campaign) ကို ထောက်ခံပါကြောင်း၊ ယခုနှစ်မေလတွင် ကျင်းပခဲ့သည့် နိုင်ငံမဲ့မှုဆိုင်ရာ အဆင့်မြင့်အစည်းအဝေးအတွက် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အကြိုညှိနှိုင်း အစည်းအဝေးကိုလည်း ပါဝင်တက်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် နှစ်ပေါင်း(၇၀)ခန့် ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုဒဏ်ကို ကြုံတွေ့ခဲရပြီး စစ်အုပ်ချုပ်ရေးမှသည် ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းသည်မှာ ကာလမကြာသေးသော နိုင်ငံဖြစ်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးသည် အစိုးရ၏အဓိကဦးစားပေး လုပ်ငန်းစဉ်ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ပါက ပြည်တွင်းနှင့်နိုင်ငံဖြတ်ကျော်နေရပ်စွန့်ခွာမှု များကိုလည်း ဖြေရှင်းနိုင်မည်ဟုယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ အထောက်အထားမဲ့သူများကို NVC ကတ်များ ထုတ်ပေးလျက်ရှိပြီး ယင်း National Verification Process မှာ တစ်နိုင်ငံလုံးတွင်ကျင့်သုံးနေသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ NVC သည် နိုင်ငံသားလျှောက်ထားမှုအတွက် လမ်းကြောင်းအစ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေသည် လူမျိုး၊ဘာသာ၊ ကျား/မ မရွေး မွေးဖွားသည့်ကလေးအားလုံးအတွက် မွေးစာရင်း ရရှိရေးကို အာမခံချက် ပေးထားပါကြောင်း၊ “မည်သည့်ကလေးမှ မကျန်ရစ်စေရ” (No child left behind) ရည်မှန်းချက်နှင့်အညီ နိုင်ငံအဝှမ်း မွေးစာရင်းရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝေးလံသော ဒေသများသို့ ရွေ့လျားအဖွဲ့များ စေလွှတ်၍ မွေးစာရင်းထုတ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ ပြည်နယ်/ တိုင်းဒေသကြီး အချို့အတွက်လည်း အွန်လိုင်းစနစ်ဖြင့် အခမဲ့မွေးစာရင်း နှင့်သေစာရင်း လျှောက်ထားမှု စီမံကိန်းများ စတင်နေပြီ ဖြစ်ပါကြောင်း၊ ၂၀၁၆ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ARSA တိုက်ခိုက်မှု များကြောင့် နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံအနေဖြင့် အသင့်ရှိပါ ကြောင်း၊ ရခိုင်ပြည်နယ်မှ ကော့ဘဇားသို့ နေရပ်စွန့်ခွာသွားသူများသည် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားအဆင့်အတန်းအမျိုးမျိုးဖြစ်ပါကြောင်း၊ ၎င်းတို့အားလုံးအား နိုင်ငံမဲ့ဟု သတ်မှတ်၍ မရပါ ကြောင်း၊ ၎င်းတို့ထဲတွင် မည်သည့်အထောက်အထားမျှ မရှိပါက NVC ကတ် ဦးစွာ ကိုင်ဆောင်ရမည် ဖြစ်ပါကြောင်း၊ NVC ကိုင်ဆောင်ပြီး နိုင်ငံသားစိစစ်ရးလျှောက်ထားနိုင်ပါကြောင်း၊ လွတ်လပ်စွာ သွားလာခွင့်တွင် လူမှုရေးအရ အဟန့်အတားများရှိသည်ကို ကျွန်ုပ်တို့ လျစ်လျူ မရှုပါကြောင်း၊ သို့ဖြစ်၍ အသိုက်အဝန်းများအကြား ယုံကြည်မှုတည်ဆောက်ခြင်းနှင့် လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်း‌နေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးသည် ဦးစားပေးလုပ်ငန်း ဖြစ်ပါကြောင်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကော့ဘဇားသို့ (၃) ကြိမ် သွားရောက်ခဲ့ပြီး NVC ကိုင်ဆောင်ခြင်း အကျိုးကျေးဇူးများ၊ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံက ဆောင်ရွက်ထားရှိမှုများကို နေရပ်စွန့်ခွာသူများအား ရှင်းပြခဲ့ပါကြောင်း၊ မြန်မာ-ဘင်္ဂလားဒေရှ် နှစ်နိုင်ငံ သဘောတူညီထားသည့် နေရပ်စွန့်ခွာသူများ ဖြည့်စွက်ရမည့် ပုံစံများနှင့် သတင်းအချက်အလက်များသည် ကော့ဘဇားရှိ ဒုက္ခသည်စခန်းများသို့ မရောက်ရှိသည်ကို ယင်းခရီးစဉ်တွင် သိရှိခဲ့ရပါကြောင်း၊ သို့ဖြစ်၍ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် NVC ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများပါဝင်သည့် သတင်းလွှာများကို နောက်ခရီးစဉ်တွင် ဖြန့်ဝေ ခဲ့ပါကြောင်း၊ ၎င်းစခန်းများတွင် နေရပ်စွန့်ခွာသူများ နေရပ်ပြန်ရေး မအောင်မြင်အောင် ဟန့်တား နှောက်ယှက်မှုများရှိသည်ကို သတိပြုမိပါကြောင်း၊ အဟန့်အတားများ ရှိသော်လည်း ကော့ဘဇားမှ နေရပ်စွန့်ခွာသူ (၃၀၀) ကျော်သည် ၎င်းတို့၏ သဘောဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ပါကြောင်း၊ ကော့ဘဇားရှိ နေရပ်စွန့်ခွာသူများတွင် မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် ဟိန္ဒူဘာသာဝင် (၄၀၀)ကျော်ကို ပြန်ခွင့် ပြုသင့်ပါကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများအတွက် လုံခြုံစိတ်ချရသည့်အခြေအနေများ ဖန်တီးနိုင်ရေးဆောင်ရွက် လျက်ရှိပါ ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို အကောင်အထည်ဖော်လျက်ရှိသကဲ့သို့ လူသားချင်းစာနာမှုအကူအညီ ပေးရေး၊ ပြန်လည်နေရာချ ထားရေးနှင့် ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း (UEHRD) အရလည်း ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချ ထားရေး လုပ်ငန်းများကို အကောင် အထည်ဖော်လျက်ရှိပါကြောင်း၊ အာဆီယံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)နှင့် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)တို့သည် မြန်မာနိုင်ငံနှင့်ရေးထိုးထားသော နားလည်မှု စာချွန်လွှာ အရ ထိရောက်မှုမြန်ဆန်သည့် စီမံကိန်း (၃၄) ခု ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ရာချထားရေးဝန်ကြီးဌာန အနေဖြင့်လည်း ပြန်လည်ဝင်ရောက်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး အစီအစဉ်များကို UNHCRနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို အတည်ပြုပြီးဖြစ်၍ ဒေသအလိုက် စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီ အကူးအ‌ပြောင်းကာလတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရပါ‌‌ကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် ရှုပ်ထွေးသောစိန်ခေါ်မှု တစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ ပြဿနာသည် ကိုလိုနီခေတ်မှစ၍ အမြစ်တွယ်လာပြီး ထိလွယ်ရှလွယ်သဖြင့် ကိစ္စရပ်တစ်ခုတည်းအဖြစ် သီးခြားစဉ်းစား၍ မရပါကြောင်း၊ ဘက်ပေါင်းစုံမှ ချဉ်းကပ်ရှုမြင်ရမည်ဖြစ်သကဲ့သို့ လူမှုအသိုက်အဝန်း အားလုံး၏အသံကို နားထောင်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေရှည် တည်ငြိမ် အေးချမ်း၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် ဘက်ပေါင်းစုံမှ ချဉ်းကပ်ဆောင်ရွက်နေပါကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရေး အတွက် မြန်မာနိုင်ငံအနေဖြင့် အမှန်တကယ်ဆန္ဒရှိပြီး နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်မိတ်ဆွေနိုင်ငံများနှင့် မိတ်ဘက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ နေရပ်စွန့်ခွာသူများ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိစွာ ဘဝရပ်တည်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ လက်တွေ့ကျသော ကူညီမှုနှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများကို မျှော်လင့်ပါ‌ကြောင်း ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ UNHCR အမှုဆောင်ကော်မတီ အဖွဲ့ဝင်နိုင်ငံများ၊ အဖွဲ့ဝင် မဟုတ်သော နိုင်ငံများ၊ လေ့လာသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ ပါဝင်တက်ရောက်ခဲ့ပြီး အစည်းအဝေးကို အောက်တိုဘာလ (၁၁)ရက်နေ့အထိ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

#hl1_otr

#Switzerland_oct2019

 Source:  MSWRR

 

Sign Up

Upcoming Events