မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံ ဒုတိယပိုင်းကျင်းပ

17-1

အောက်တိုဘာ ၁၇၊ နေပြည်တော်

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် မြန်မာနိုင်ငံ အထူးပညာရေးအသင်းတို့ ပူးပေါင်းကျင်းပသော မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံ ဒုတိယပိုင်းအစီအစဉ်အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပရာပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မသန်စွမ်းသူတိုင်းတွင် မသန်သော်လည်းစွမ်းနိုင်မှုတစ်ခုခု ရှိကြရာ စွမ်းနိုင်သမျှ စွမ်းအောင် မြှင့်တင်ပေးရန်လိုကြောင်း၊ မည်သည့်မသန်စွမ်းမှု အမျိုးအစား ဖြစ်စေကာမူ မသန်စွမ်းသူများ၏ အခွင့်အရေးများ အပြည့်အဝရရှိရန်လိုပါကြောင်း၊ မသန်စွမ်းသူများအား စွမ်းနိုင်သမျှစွမ်းအောင် ဆောင်ရွက်ပေးခြင်းဖြင့် ၎င်းတို့ကိုယ်တိုင်သော် လည်ကောင်း၊ ၎င်းတို့၏မိသားစုဝင်များ၊ ပတ်ဝန်းကျင်နှင့် နိုင်ငံအတွက် အကျိုးပြုမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ မသန်စွမ်းကလေးသူငယ်များအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ၂၀၁၉ ၌ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများခံစားခွင့်နှင့် ဉာဏ်ရည် မသန်စွမ်းကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်ပေးရန် မိဘ (သို့မဟုတ်) အုပ်ထိန်းသူများက ကိုယ်စား စီစဉ်ဆောင်ရွက်ခွင့် ပေးထားကြောင်း၊ မသန်စွမ်း ကလေးငယ်တိုင်းသည် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘဝတစ်သက်သာ သင်ယူမှုအပါအဝင် ပညာရေးဝန်ကြီးဌာန၏ အခမဲ့သင်ယူခွင့်ရှိသည့်အဆင့်အထိ အခြားသူများ နည်းတူ သင်ယူခွင့် ရရှိစေမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူတိုင်းအကျုံးဝင်ပညာရေးစနစ်၊ အထူးပညာရေးစနစ်၊ မသန်စွမ်းမှုအမျိုးအစား အလိုက် သင်ကြားနည်းစနစ်နှင့် တစ်ဦးကိုတစ်ဦး ဆက်သွယ်ရေးစနစ် သင်ယူနိုင်စေရန် ကြိုးပမ်းစီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မသန်စွမ်းဖြစ်ပွားသည့်နှုန်းအနည်းဆုံး ဖြစ်အောင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဉာဏ်ရည်မသန်စွမ်း သူများအပါအဝင် မသန်စွမ်းကလေးငယ်များ ဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်ပေးရာ၌ မသန်စွမ်းကလေးငယ်များအား လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းတို့မှလည်း ကာကွယ်ပေးကြရန် လိုအပ်ပါကြောင်း၊ ဉာဏ်ရည်မသန်စွမ်း ကလေးငယ်များအတွက် ပညာရေးညီလာခံကျင်းပခြင်းသည် လူတိုင်း အကျုံးဝင်ပညာရေးနှင့် အထူးပညာရေးကဏ္ဍများ ပိုမိုတိုးတက်မြင့်မားလာစေရန် ဥပဒေများနှင့် အညီ လက်တွေ့ပိုမိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အားပေးခြင်း၊ ဆက်စပ် ဝန်ကြီးဌာနများ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေး ကြရန်ဖြစ်ပါကြောင်း၊  ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သော မြန်မာနိုင်ငံရှိ မသန်စွမ်း ကလေးငယ်များ၏ ဆန်းစစ်လေ့လာမှုဆိုင်ရာ အစီရင်ခံစာအရ မသန်စွမ်းကလေးငယ် ၃၃ ရာခိုင်နှုန်းသာ ကျောင်းတက်ရောက်နိုင်ကြောင်းကို သိရှိရပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် မသန်စွမ်းသူများ ပညာသင်ကြားရေးနှင့် စပ်လျဉ်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေအရ လည်းကောင်း၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဉပဒေအရလည်ကောင်း ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အထူးပြုစုစောင့်ရှောက်ရန် လိုအပ်သော ကလေးများနှင့်ပတ်သက်၍ ဘာသာစကား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိဘနှင့် ကလေးအကြား ဆက်သွယ်မှုပိုမိုလွယ်ကူစေရန်နှင့် အခြေခံပညာကျောင်းများ၌ ပညာသင်ကြား ရေးတွင် အထောက်အကူပြုစေရန် ရန်ကုန်နှင့်မန္တလေးမြို့ရှိ မသန်စွမ်းကလေးမိဘများနှင့် ပြုစုစောင့်ရှောက်သူ ဆရာ/ဆရာမများကို အသိပညာများ ဖြန့်ဝေပေးခဲ့ပါကြောင်း၊ အထူးပြုစု စောင့်ရှောက်ပေးနိုင်မည့် ဆရာ/ ဆရာမများအတွက် မြန်မာနိုင်ငံအထူးပညာရေးအသင်း၊ ဧဒင်မသန်စွမ်းကလေးများပြုစုရာ ရိပ်မြုံတို့နှင့်ပူးပေါင်း၍ နည်းပြသင်တန်းများ၊ ဆရာဖြစ် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ မသန်စွမ်းမိဘများ၊ ကလေးပြုစုစောင့်ရှောက်သူများ၊ ကလေးပြုစုစောင့်ရှောက်ရေး လုပ်ငန်းကို စိတ်ပါဝင်စားသူ စေတနာဝန်ထမ်းများအတွက် အမြင်ဖွင့်သင်တန်းများကိုလည်း ဖွင့်လှစ်၍ အသိပညာမျှဝေပေးခဲ့ပါကြောင်း၊ အရေးအကြီးဆုံး ကဏ္ဍဖြစ်သည့် ဉာဏ်ရည် မသန်စွမ်းမှုများအပါအဝင် မသန်စွမ်းမှုများကို ကာကွယ်ပေးရန်နှင့် ဖြစ်ပွားမှုနှုန်းများ လျော့နည်းလာစေရန်  ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေး ခြင်းနှင့် ကူညီပံ့ပိုးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း  (Early Childhood Intervention – ECI) ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ရန်အရေးကြီးပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက အဆိုပါဝန်ဆောင်မှုလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့၌ စီမံချက်ဧရိယာ (၇)ခုကို အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ ယနေ့ညီလာခံတွင် ဉာဏ်ရည်မသန်စွမ်းသူများ အကျုံးဝင်မှု ပိုမိုပါဝင်လာစေရန်နှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများ၊ လက်တွေ့တွင် မသန်စွမ်းသူများသည် အခြာသူများနည်းတူ တစ်သားတည်ဖြစ်လာစေရန်နှင့် မတူကွဲပြားမှုများကို လက်ခံသော  ခွဲခြားဆက်ဆံခြင်းမရှိသော တန်းတူလက်တွဲ ပါဝင်ခွင့် ရရှိစေရန် အားလုံးပူးပေါင်း ကြိုးပမ်းကြ ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက မိမိတို့ဝန်ကြီးဌာအနေဖြင့် အမျိုးသားပညာရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ဥပဒေတွင် Special Need Education နှင့် Inclusive Education အား အတိအလင်း ဖော်ပြ ပါရှိကြောင်း၊ ပညာသင်ကြားမှုတွင် ခွဲခြားမှုမရှိဘဲ တစ်ဦးတစ်ယောက်မှ ချန်လှပ်ခြင်း မရှိစေရေး၊ ကျောင်းထွက်နှုန်းလျှော့ချရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူတိုင်းပညာသင်ခွင့် ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း အရ မြန်မာနိုင်ငံလူဦးရေ၏ ၂.၃ သန်းမှာ မသန်စွမ်းသူများဖြစ်ကြောင်း၊ ကျောင်းနေအရွယ် မသန်စွမ်း ၉ သောင်းကျော် ရှိကြောင်း၊ မသန်စွမ်းကလေးငယ်များ ပညာသင်ကြားရေးနှင့် ပတ်သက်၍ မိမိတို့အခြေခံပညာကျေင်းများတွင် သင်ကြားပေးလျက်ရှိကြောင်း၊ မသန်စွမ်း ကလေးငယ်များကို သင်ကြားပေးသည့် သင်ကြားနည်းသင်တန်းများကို မိမိတို့ဆရာ/ဆရာမ များအား ပေးစေလိုကြောင်း၊ မိမိတို့ဌာနအနေဖြင့် ပညာသင်ယူနေသည့် မသန်စွမ်း ကျောင်းသား/ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးလျက် ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံအထူးပညာရေးအသင်းဥက္ကဌ ဦးထာအုပ်က အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး အသင်း၏ အမှတ်တံဆိပ်အား ပြည်ထောင်စုဝန်ကြီးအား ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံအထူးပညာရေး အသင်းတို့မှ ဉာဏ်ရည်မသန်စွန်းကလေးငယ်များ လူ့မှုအသိုက်အဝန်းအတွင်း အကျုံးဝင်လာနိုင်ရေးနှင့် စပ်လျဉ်းသော ခေါင်းစဉ်အား စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_oct2019

Source: MSWRR

Sign Up

Upcoming Events