နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ၏ ပြန်လည်နေရာချထားရေး လုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း

 

နိုဝင်ဘာ၈ ၊ နေပြည်တော်

နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ၏ ပြန်လည်နေရာ ချထားရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့ နေ့လည်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးစိုးအောင်၊ ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဉီးအောင်ကျော်ဇံ၊ UEHRD မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် UNအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ARSA အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်တိမ်းရှောင်ခဲ့ရသော်လည်း တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားခြင်းမရှိဘဲ နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခိုလှုံနေရသူများအား  ပြန်လည်နေရာချထားရေးကိစ္စများ ဆောင်ရွက်သွားနိုင်ရေး ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ စတင်၍ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဉီးတည်ပြီး ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေးဗဟိုကော်မတီကိုဖွဲ့စည်းပြီး လုပ်ငန်းကော်မတီ(၄)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို သိရှိကြပြီးဖြစ်ပါကြောင်း၊ ဒေသတွင်းနေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီကို မိမိတို့ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇ ARSA အကြမ်းဖက်ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီအား လုပ်ငန်းကော်မတီ(၂)ရပ်ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ထိုလုပ်ငန်းများကို စနစ်တကျရှိရေးနှင့် ရေရှည်ကောင်းမွန်သော အကျိုးရလဒ်များရရှိနိုင်ရန်   မြေပြင်အခြေအနေများမှ အချက်အလက်များမှာ အရေးပါသောကြောင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းလေ့လာမှုများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပါကြောင်း၊  ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံလုပ်ငန်းများဆောင်ရွက်ရန် အစိုးရ၊ ပြည်သူများ၊ မိတ်ဖက်နိုင်ငံများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများပါဝင်သည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကိုဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် (၁၀)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က “ ရခိုင်ပြည်နယ်အရေးကိစ္စမှာအလွန်သိမ်မွေ့ရှုပ်ထွေးသည့်ကိစ္စတစ်ခုဖြစ်ကြောင်း၊မိမိတို့လက်ရှိအစိုးရသက်တမ်းထက်ဆယ်ဆမကကာလရှည်လျားစွာယင်းဒေသ၌ရောက်ရှိနေကျသည့်ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့်ပြဿနာ၏သိမ်မွေ့ရှုပ်ထွေးမှုအတိုင်းအတာကိုအနည်းအကျဉ်းမျှသိထားရန်လိုအပ်ကြောင်း၊မိမိတို့ကာကွယ်စောင့်ရှောက်ပေးရမည့်သူများအားလုံး၏လုံခြုံရေးနှင့်အခွင့်အရေးများအားကာကွယ်ပေးရန်တာဝန်ကိုမိမိတို့အစိုးရအနေဖြင့်ရှောင်လွှဲသွားမည်မဟုတ်ကြောင်း၊ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လက်မှတ်ရေးထိုးထားသည့်နှစ်နိုင်ငံသဘောတူညီချက်၊ UNHCR၊  UNDP တို့နှင့်လက်မှတ်ရေးထိုးထားသည့်သုံးပွင့်ဆိုင်သဘောတူညီချက်တို့နှင့်အညီစိစစ်အတည်ပြုပြီးဖြစ်သည့်နေရပ်စွန့်ခွာသူများကိုပြန်လည်လက်ခံရန်အပြည့်အဝဂတိပြုထားပြီးဖြစ်ကြောင်း၊ပြဿနာအပေါ်လက်တွေ့ကျပြီးဘက်လိုက်မှုမရှိဘဲမျှတသည့်ချဉ်းကပ်မှုဖြင့်အကူအညီပေးနေကြသောမိတ်ဆွေများ၏အကူအညီဖြင့်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားထားပြီးဖြစ်ပါကြောင်း၊ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲအတည်ပြုပြီးဖြစ်ကြောင်း၊ UN-Habitat ကလည်း အဆောက်အဉီများဆောက်လုပ်ရာတွင် အကူအညီများပေးရန် ဆောင်ရွက်လျက်ရှိသည်ကိုသိရကြောင်း၊ တာဝန်ရှိသူများကလည်း ပြန်လည်နေရာချထားရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက်ထားပြီးဖြစ်သည့်အတွက် တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားခြင်းမရှိဘဲ နီးစပ်ရာ ကျေးရွာများတွင် ခိုလှုံနေကြသူများအား ၎င်းတို့၏ မူလကျေးရွာများတွင် ပြန်လည်နေရာချထားရေးအတွက် ကျေးရွာအချို့တွင်စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးစိုးအောင်က ပြောကြားရာတွင် ၂၀၁၇ ခုနှစ် ARSA  အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးခြင်းမပြုဘဲ နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေကြရသည့်သူများအား ပြန်လည်နေရာချထားရေးအတွက် ၎င်းတို့၏ဆန္ဒနှင့်အညီ ကျေးရွာအချို့တွင် ပြန်လည်နေရာချထားရေး ဆောင်ရွက်ရန်စီစဉ်လျက်ရှိကြောင်း၊  ကနဉီး Pilot Project  အနေဖြင့် မောင်တောမြို့နယ်ရှိ ကျေးရွာ(၂)ရွာကို ဉီးစားပေးဆောင်ရွက်ပေးသွားရန် လျာထားပါကြောင်း၊ ပြန်လည်နေရာချထားနိုင်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် နေအိမ်ဆောက်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးစသည့် ကိစ္စရပ်များဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်  UN တာဝန်ရှိသူများက ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပူးတွဲဥက္ကဌ  ဉီးအောင်ကျော်ဇံက တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲ နီးစပ်ရာ ကျေးရွာများတွင် ခိုလှုံနေကြသူများအား ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရ၏ စီစဉ်ဆောင်ရွက်လျက်ရှိသည်များအား ရှင်းလင်းပြောကြားပါသည်။

ယင်းနောက်UNHCR၊ UNDP၊ UN-Habitat တို့မှ ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ပြန်လည်နေရာချထားရေးလုပ်ငန်းကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းကော်မတီဥက္ကဌနှင့် ပူးတွဲဥက္ကဌတို့က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#npw_nov2019

Source: MSWRR

Sign Up

Upcoming Events