အာရှဒေသဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးမိတ်ဖက်အဖွဲ့၏ (၅)ကြိမ်မြောက်ဒေသတွင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

4_Pic_01 4_Pic_02

ဒီဇင်ဘာ ၃၊ ရန်ကုန်

အာရှဒေသ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးမိတ်ဖက်အဖွဲ့ (Asian Preparedness Partnership- APP)ကို အာရှဒေသအတွင်း ရှေ့ပြေးစီမံကိန်းအဖြစ် ကမ္ဘောဒီးယား၊ မြန်မာ၊ နီပေါ၊ ဖိလစ်ပိုင်၊ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံတို့မှ အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများပူးပေါင်းပါဝင်မှုဖြင့် ဖွဲ့စည်းထားပါသည်။

အဆိုပါ APP ၏ (၅) ကြိမ်မြောက်ဒေသတွင်းအစည်းအဝေးကို မြန်မာနိုင်ငံက ပထမဆုံး အကြိမ် အိမ်ရှင်အဖြစ် ယမန်နေ့ နံနက်(၉)နာရီကNovotel Yangon Max Hotel၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ APP သည် ဒေသတွင်းနှင့် နိုင်ငံတွင်းရှိ အစိုးရဌာန၊ ပုဂ္ဂလိကနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းမှုကို အရှိန်အဟုန်မြှင့်တင်ရန်အတွက်ရည်ရွယ်၍ စတင်အကောင်အထည်ဖော်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အဆိုပါအဖွဲ့အစည်းသုံးခုသည် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ချိန်များတွင် အစဉ်အလာအရ ပူးပေါင်းမှုများရှိသော်လည်း APP အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများအား စနစ်ကျနခိုင်မာစွာ ဆောင်ရွက်နိုင်ရန်နှင့် အာရှဒေသတွင်း ပေါင်းစည်းမှုစွမ်းအားဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော လူမှုအသိုက်အဝန်း တည်ဆောက်ရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒသည်ပုဂ္ဂလိကကဏ္ဍ၊အရပ်ဖက်လူမှုရေးအဖွဲ့အစည်းအပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့၏ ပူးပေါင်းမှုဖြင့် ဘေးသင့်ပြည်သူများအား ပိုမို ကောင်းမွန်သည့် လူနေမှုဘဝများရှိစေရန်နှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော လူမှုအသိုက်အဝန်း တည်ဆောက်ရန် ဖြစ်ပါကြောင်း၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်းသည် ကမ္ဘာလုံး ဆိုင်ရာမူဘောင်ဖြစ်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး ဆန်ဒိုင်း မူဘောင်၏ပန်းတိုင်တစ်ခုလည်းဖြစ်ပါကြောင်း၊ APP၏ ပူးပေါင်းမှုအောက်တွင် မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး မိတ်ဖက်အဖွဲ့ Myanmar Preparedness Partnership (MPP) ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် ဘေးအန္တရာယ် ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုအတွက် မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ MPP သည် နိုင်ငံတော်တွင်း ဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် ရှေ့တန်းမှပူးပေါင်းဆောင်ရွက်ပေးနေသော ဒေသခံအစိုးရအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဖက်လူမှုရေး အဖွဲ့အစည်းများအား ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ APP နှင့် MPP အား ထူထောင်နိုင်စေရန် ကူညီပံ့ပိုးပေးခဲ့သော Bill & Melinda Gates Foundation, USAID နှင့် Asian Disaster Preparedness Center (ADPC) အား အသိမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်အဆင့်၌ နိုင်ငံတော်ဒုတိယသမ္မတဦးဆောင်မှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းဆောင်ရွက်ထားသကဲ့သို့ MPP ဖွဲ့စည်းဆောင်ရွက်ခြင်းအားဖြင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်အတွက် အားဖြည့်ပေးနိုင်ပါကြောင်း၊ ထို့အတူမြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက်(၂၀၁၇)သည် ရေရှည်တည်တံ့သောဖွံ့ဖြိုးရေး ပန်းတိုင်(SDGs)နှင့် ဆန်ဒိုင်းမူဘောင်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)နှင့် ချိတ်ဆက်၍အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းမှုဖြင့် နိုင်ငံတွင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအဆင့်များတွင် ဘေးအန္တရာယ် ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချနိုင်ရန် ခိုင်မာအားကောင်းသည့်စီမံခန့်ခွဲမှုများ ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် ရာသီပြောင်းလဲမှုနှင့် ဘေးအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိသည့် လူမှုအသိုက်အဝန်းဖြစ်စေရန်အတွက် ထိုစုပေါင်းအင်အားဖြင့် ပိုမိုထိရောက်သည့် ကယ်ဆယ်တုံ့ပြန် ရေးများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် ကြိုတင်ပြင်ဆင်မှု များကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းပြောကြားပါသည်။

ထို့နောက် Bill and Melinda Gates Foundation(BMGF) မှ အရေးပေါ်တုံ့ပြန်ရေး အဖွဲ့ခေါင်းဆောင်ဖြစ်သူDr. Valerie Bemoနှင့် ADPC ၏အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ၊ Mr. Hans Guttmanတို့က APP အဖွဲ့ဝင်နိုင်ငံ(၆)နိုင်ငံအနက် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း အစည်းအဝေးကို ပထမဦးဆုံးအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခြင်းအတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကဏ္ဍနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းမှု ဆောင်ရွက်မှုသည် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက် အရေးပါ သကဲ့သို့ အခြားသောဆက်စပ်ပတ်သက်သူများပါ ပိုမိုပူးပေါင်းပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက် မည်ဖြစ်ပါကြောင်းထပ်လောင်းပြောကြားခဲ့ပါသည်။

အခမ်းအနား၏ဒုတိယပိုင်းအစီအစဉ်တွင် MPP ၏ ပူးတွဲဥက္ကဌများဖြစ်သော ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ အရပ်ဖက်လူမှုရေး အဖွဲ့အစည်းနှင့် ပုဂ္ဂလိကဏ္ဍမှ ကိုယ်စားလှယ်များသည် ပူးတွဲဥက္ကဌများအဖြစ်ဆောင်ရွက်၍ APP ၏ ဦးဆောင်ကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပါသည်။

အဆိုပါအာရှဒေသဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးမိတ်ဖက်အဖွဲ့၏ (၅)ကြိမ်မြောက် ဒေသတွင်း အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံ၊နီပေါနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံတို့က APP အဖွဲ့ဝင်များ၊ Bill and Melinda Gates Foundation(BMGF), ADPC တို့မှ ကိုယ်စားလှယ်များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၏ ဒုတိယနေ့အစီအစဉ်ကို (၃-၁၂-၂၀၁၉)နေ့တွင် MPP ၏ ပူးတွဲဥက္ကဋ္ဌများ ဖြစ်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းနှင့် ပုဂ္ဂလိကဏ္ဍမှကိုယ်စားလှယ်များက ဦးဆောင်၍ ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များက ရှေ့လာမည့် (၃)နှစ်အတွင်း APP ၏ Phase II အား ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့် မျှော်မှန်းရလာဒ်များ၊ APP အကောင်အထည်ဖော်ရေးအတွက် ဖွဲ့စည်းဆောင်ရွက်မည့်အစီအမံများ၊ (၂၀၂၀)တွင်ဆောင်ရွက်မည့်ဦးစားပေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီးမြန်မာနိုင်ငံအနေဖြင့် APP ၏ပူးတွဲဥက္ကဋ္ဌတာဝန်အား APPအဖွဲ့ဝင်နိုင်ငံဖြစ်သော နီပေါနိုင်ငံသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1
#rke_dec2019

Source: MOSWRR

Sign Up

Upcoming Events