ငလျင်လှုပ်ခတ်မှုသတင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ဆောင်ရွက်ချက်

14022211_1237736509621314_420475017286085513_n14102608_1485455388138319_7893865818134083768_n 14063753_1252813988086837_1557034218095916285_n14117742_1252813984753504_3694602769601962543_n 14088438_1252776574757245_8866067448081409636_n 14111800_948970518562936_1590021034_n 14111912_948970688562919_1233720699_n

၁။ ၂၀၁၆ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ (၀၄) မိနစ် (၅၅) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၂၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏အနောက်ဘက် (၁၂)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၈) အဆင့်ရှိ အင်အားပြင်းထန်သောမြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

၂။ ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်ဝန်ကြီးဌာနတွင်ဖွင့်လှစ်ထားရှိသည့် အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် လမ်းညွှန်ကြီးကြပ်၍လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနဦးစီးမှူးရုံးများနှင့်ဆက်သွယ်၍လည်းကောင်းသတင်းရယူဆောင်ရွက်ခဲ့ပါသည်။ စုံစမ်းမှုများအရ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းဘုရားစေတီ(၆၅)ဆူခန့် ထီးတော်ယိုင်ခြင်း၊ စိန်ဖူးတော်မြေခခြင်း၊ ဖောင်းရစ်များအက်ကွဲခြင်းများရှိခဲ့ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနမှကနဦးဖုန်းသတင်းရရှိပါသည်။ ထို့အပြင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မြို့မစျေးကြီးအရှေ့ဘက် ကျမ်းကိုင်ကျွန်းဘုရားဝင်းအတွင်းရှိ စေတီတော်ပြိုကျခြင်း၊ သစ်တပွေရပ်ကွက်တွင်လူ(၂)ဦးသေဆုံးခြင်း၊ ပွင့်ဖြူမြို့နယ်၊ ကျွဲထိကျေးရွာတွင်စေတီ(၁)ဆူပြိုကျခြင်း၊ အဆောက်အဦအချို့ပျက်စီးခြင်း၊ ပခုက္ကူမြို့နယ်၊ ပုဂ္ဂလိကဆေးပေါင်းရုံပြိုကျ၍ လူ(၁)ဦးသေဆုံးပြီး(၁)ဦးဒဏ်ရာရရှိခြင်း၊ ကွန်းရွာတွင်လူ(၁)ဦးသေဆုံးခြင်း၊ မင်းလှမြို့နယ်ရှိဘုရားစေတီ(၁)ဆူစိန်ဖူးတော်မြေခခြင်း၊ ငဖဲမြို့နယ်တွင် အိမ်အချို့ပြိုကျပျက်စီးခြင်း၊ ချောက်မြို့နယ်တွင် အဆောက်အဦနှင့်နေအိမ်အချို့ပျက်စီးခြင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ရတနာ့မာန်အောင်စေတီတော် ပြိုကျခြင်း၊ စစ်တွေမြို့နယ်တွင် ဓါတ်တိုင်များယိမ်းယိုင်နဲ့ခြင်း၊ နေပြည်တော်လွှတ်တော်အဆောက်အဦတွင် မျက်နှာကျက်များအနည်းငယ်ပျက်စီးခြင်းတို့ ဖြစ်ခဲ့ကြောင်း ကနဦးသတင်းများရရှိပါသည်။

၃။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ငလျင်သတင်းရလျင်ရချင်းတွင် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ အရေးပေါ်ထောက်ပံ့ရေးလုပ်ငန်းများအတွက် ကြိုတင်စုဖွဲ့ထားရှိခြင်း၊ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့်ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ပြည်တွင်းပညာရှင်အဖွဲ့များဖြစ်သော မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံမြေငလျင်ကော်မတီကဲ့သို့သောအဖွဲ့အစည်းများ၊ ပြည်ပအဖွဲ့အစည်းများဖြစ်သော USGS, TMD အဖွဲအစည်းများမှလည်းသတင်းများအဆက်မပြတ်ချိတ်ဆက်ရယူခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ငလျင်ကြီးဖြစ်ပွားပြီးချိန်တွင် နောက်ဆက်တွဲငလျင်ငယ်များထပ်မံလှုပ်ခတ်နိုင်သည့်အတွက်လည်းပြည်သူလူထုအနေဖြင့် သတိပြုနေထိုင်သင့်ပါသည်။ ယခုငလျင်ဘေးအန္တရာယ်သည် မြေအောက်အနက် (၈၄.၁)ကီလိုမီတာတွင်ဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်။ ထပ်မံရရှိသောသတင်းများကိုဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။

Sign Up

Upcoming Events